Friday, March 20, 2009

သစ္စာတရား

နှောင်းအိုဆွေးမြေ့နေတဲ့ အချိန်တို့ရေ
ဝန်းကျင်မှာ ဗလာသိပ်ဆန်နေရဲ့

သစ္စာတရားဆိုတာ ဆိုင်းဘုတ်တစ်ခုလို
လူတွေမြင်အောင် ချိတ်ဆွဲပြလဲ
ရူးသွပ်ခြင်းလို ဟန်ဆောင်ပြီး
အဆိပ်ရည်ခွက်မှာ သူတို့တွေပျော်နေကြတယ်

ပေါ့ပေါ့ပါးပါးနဲ့ လေးနက်တာတွေ
ခဏတာ ဆုံလာချိန်မှာ
ကမ္ဘာမြေပြင်မှာ အမုန်းစစ်ပွဲတွေခင်းလို့
တစ်နေရာချောင်ကွယ်မှာ
အချစ်မီးလျှံဟာ မီးခိုးငွေ့ဖြစ်သွားတယ်

တစ်ချိန်ထဲမှာပဲ
ဒဏ်ရာတွေနဲ့ကျရှုံးသွားတဲ့ သူရဲကောင်းဟာ
သူ့နှလုံးသားမှာ မြှားမှန်တာတောင်
ချစ်သူပေးတဲ့ စိတ်နှလုံးသားဒဏ်ရာကို
လွမ်းဆွတ်တမ်းတနေတုန်းပဲ

ဓါး၊လှံတွေ အသုံးမလိုတဲ့
လူပညာရှိတို့ အမျက်ဖလှယ်ပွဲ
အညှိုးတရား မာန်ဟုန်တောက်နေချိန်မှာ
အဖြူရောင်ပန်းလေးတစ်ပွင့်ဟာ
သွေးရောင်နီနီ အရောင်ပြောင်းသွားတယ်

ရာသီစက်ဝန်းတပတ်လည်လာရင်
ယခုချိန်ဟာ အတိတ်ဖြစ်လာရင်
လူတွေရုန်းကန်နေရတဲ့ ရှင်သန်မှုတွေမှာ
အချစ်ဆိုတာ လုယူမှရမယ်ဆိုရင်
ဝဋ္ဋ်ကြွေးတွေ ပစ္စုပ္ပန်မှာအကြေဆပ်ပါရစေ

သစ္စာရှိကြစမ်းပါ
အချစ်ကို တန်ဖိုးထားကြစမ်းပါ
ကိုယ်ချင်းစာတတ်ပြီး နေတတ်ကြစမ်းပါ
သစ္စာတရားကို မြတ်နိုးကြစမ်းပါ။။
(ရှင်လမင်း)

Friday, March 13, 2009

သူမသိပေမဲ့

ကဲ ရပ်နေမလိုနဲ့တွေဝေနေဆဲပဲလား
ရှေ့ဆက်မလှမ်းလိုတော့မှ
တားထားတဲ့စည်းတွေ ဘောင်တွေကျော်မနေပါနဲ့
အလကားရလာတဲ့ မေတ္တာတစ်စက်ဟာလဲ
ဆာလောင်မွတ်သိပ်နေချိန် တန်ဖိုးတွေများလွန်းပါတယ်
နွေနေပူမှာလျှောက်လှမ်းရင်း သစ်ရွက်ခြောက်အကြွေဟာ
တစ်ချိန်တုန်းက အပင်ပေါ်မှာနူးညံ့နေခဲ့တာပါ
ဆက်တိုက်အပူချိန်တွေတက်လာပြီး
လောကဓံဆိုတာ နိမ့်လိုမြင့်လိုတောင်တန်းတွေမှန်း
အသဲကွဲသီချင်းညည်းရင်းမှ သတိထားမိလာတယ်
ပြီးဆုံးသွားပြီဖြစ်တဲ့ တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်
အရူးအမူးဆေးရောင်တွေခြယ်
ပထမဆုဆိုတဲ့ဂုဏ်အတွက် တန်ရာတန်ကြေး
နှလုံးသားကျေပျက်တာတွေပါပေးဆပ်လိုက်ရတယ်
ဒီပွဲမှာအနိုင်ပေးလဲ ငါဟာနောက်ကွယ်မှာကျရှုံးသူပါ
ခေါင်းမမာနိုင်သူအတွက် ကြေကွဲခြင်းအပိုဆု
ထိုက်တန်စွာခူးဆွတ်ဖို့
နောင်တတွေကွယ်ဝှက်ထားပါရစေ
(ရှင်လမင်း)

Thursday, March 12, 2009

ရှင်သန်ဆဲပဲ

ဓါးသွားထက်ထက်နဲ့လား
တစ်ချက်ထဲနဲ့နှလုံးသွေးထွက်စေခဲ့တာ
ပြိုလေမဲ့ဆိုတဲ့ မိုးကောင်းကင်
ကြိုတွေးလို့ပူပင် စိတ်မှာနုံးချိရလို့
ပျားရည်ချိုချိုနဲ့မြည်းတောင်
စိတ်မှာ ခါးသက်သက်နဲ့

အတိတ်ကိုနာကျဉ်တာတွေနဲ့ထွင်းထု
စိတ်အနာတရဖြစ် ဒဏ်ရာတွေများစွာနဲ့
တစ်သက်စာထင်ကျန်မဲ့ အမာရွတ်တွေက
မျက်ကွယ်ပြုလိုလဲ အမှတ်တရရှင်သန်နေမှာပဲ
(ရှင်လမင်း)