Saturday, September 20, 2008

မဖြစ်သင့်ဘူး

မာန်ဟုန်ပြင်းပြင်း
လေနှင်ရာ တံခါးအောက်လေး
သစ်ရွက်တွေ ပြန့်ကျဲ
နေ့လည်ခင်းလည်ရှည်နေသလို
ရောင်နီများ လာလေမလား
သက်တန့်ကြီး အဖော်ပြုပေးနေတယ်

တစတစနဲ့
မင်းဘ၀က ထိပ်ဆုံးဆိုပေမဲ့
စိတ်က အဝေးဆုံး
မျှော်လင့်ခြင်း ချစ်ခြင်းကို
မရယူ မရည်ရွယ်ရပဲ
အလွမ်းဇာတ်ကို ဘာကြောင့်ဆက်နေသလဲ

သိပ်ကိုမှားနေပြီ
ခံနိုင်ရည် အငွေ့လေးသက်သက်
မင်းမှာ ရှိတယ်ဆိုစေအုံး
အကုန်စတေးဖို့ မမိုက်မဲသင့်ဘူးနော်
ထပ်တူညီတဲ့ မျဉ်းနှစ်ပြိုင်
လနှစ်စင်း ပြိုင်လင်းဖို့
မင်းမှာ သတ္တိတွေထပ်
အရာရာ ဖြိုခွင်းမယ်ပဲ ထား
ပြီးဆုံးဖို့ ဇာတ်သိမ်းခန်းက
အိမ်မက်မှာ ညိတွယ်နေတာ
မင်း ဘယ်လိုများ ရှောင်ပြေးမှာလဲ

အလွမ်းမှာ အမည်ခံ
မျက်ရည်နဲ့ မင်းဘ၀ကိုလောင်းကြေးထပ်ဖို့
အရည်ချင်းစိုးစိမျှ မင်းမှာရှိသေးရင်
ထပ်ပြီးစွန့်စားလိုက်အုံး
သိပ်ကို အချစ်ကြီးလွန်းသူရေ.........

(ရှင်လမင်း)

Friday, September 5, 2008

နှုတ်ဆက်ပွဲ

လေနှင်ရာမှာ ငါ့အတ္တတွေကျူး
မင်းမရှိတော့မဲ့ နှလုံးသားပြတိုက်ထဲ
အချစ်တွေ စတေးလို့
နာရီသံလို မင်းရဲ့ရီမောသံနဲ့ထပ်တူ
ကမ္ဘာမှာ တိတ်ဆိတ်ခြင်းအနတ္တနဲ့
အဝေးတနေရာ မျှော်လင့်ရင်း
နင့်ကို ငါသိပ်လွမ်းနေတယ်

ရူးသွပ်ခွင့် မရှိတောမဲ့
ငါကိုယ်တိုင်ရဲ့ လက်ဆောင်လှလှလေး
ထိပ်ဆုံးမှာ နင့်နာမည်နဲ့
ငါ့ မျက်ရည် တိတ်တဆိတ်လေးထဲ့ပေးရင်း
နင့်အတွက် ရည်ရွယ်ပြီး
လက်ဖွဲ့ပို့ပေးလိုက်ပါတယ်

ကာစီးထား ချောင်းခြားနား
နင် ဘယ်ခါမှ မြင်ခွင့်မရှိတဲ့ခါ
ဥယျဉ်လှလှလေး နင့်အတွက်လို့ရည်ရွယ်
ငါ ကိုယ်တိုင်ပျိုးပေးခဲ့တဲ့
စွယ်တော်ပင်လေး
နှစ်လွာထပ်နေ ရွက်ပွင့်နေပြီလေ

သိပ်မက်မောလို့ ရင်နင့်အောင်
ချစ်ခဲ့ရပေမဲ့
အပြုံးတွေ ဆင်တတ်တဲ့
ခပ်ပါးပါး အပေါ်ယံလွှာကိုသာ
နင်သိပ်မက်မောခဲ့လေတယ်

ကောင်းပြီလေ
ပြေစာမပါ
မုသားမဆင်ထားတဲ့
နင်နဲ့ငါ နှစ်ဦးထဲသက်ဆိုင်တဲ့
အမြတ်ထဲ့မတွက်ရမဲ့ အနိုင်အရှုံးပွဲမှာ
ကျေနပ်စွာ နောက်ဆုံး
ပြုံးပြပေးလိုက်ပါမယ

ဘ၀တစ်သက်စာချစ်ခဲ့ရတဲ့သူတစ်ယောက်ရဲ့
နောက်ဆုံးနှုတ်ဆက်တဲ့ ပွဲလေးပါ။။
(ရှင်လမင်း)