ကျွန်မ အကြောင်းကို သူတစ်ပါးအားပြန်လည်ပြောပြလိုသူတစ်ယောက်သည် ‘‘အရပ်အလွန်နိမ့်သော’’
‘‘စကား အလွန်ရှားပါးသော’’ ‘‘အားမနာတတ်သော’’ ဟူသည့် နာမ ၀ိသေသနများကို အသုံးပြုလိမ့်မည် ထင်သည်။ထိုစကားများထက် ပြည့်စုံဖို့လိုအပ်သေး၏။ ဂစ်တာတွင် အောက်ဆုံးကသေးမျှင်သော၊ တင်းမာသော၊ စူးရှသော ‘‘တစ်’’ကြိုးသည် ကျွန်မ ဖြစ်၏။ ဖဲကြိုးတပ်ဆံပင်နှင့် ဘယ်တော့မှ ဦးမညွတ်သော ကော်ပတ်ရုပ် ကလေးသည် ကျွန်မ ဖြစ်၏။ ဖုံးကွယ်ထားသော အရာတစ်ခုကို အလွန်အမင်းဖွင့်ကြည့်လိုသော လူအမျိုးအစား ထဲတွင် ကျွန်မ မပါဝင်ပါ။ ခိုများကို အစာကျွေးဖို့နှစ်သက်သည်။ သို့သော် ခိုညည်းသံကို အလွန်မုန်း၏။ တစ်ချိန်တုန်းက နှင့်းဆီပန်းများကို ချစ်တတ်ခဲ့သော်လည်း ယခုအချိန်တွင် ပေါများလွန်းသော နှင်းဆီင်္ပန်းတို့ကို မုန်းနေပြီဖြစ်၏။ ကျွန်မသည် ရှားပါးသောအရာကိုသာ ချစ်တတ်သူဖြစ်ပါသည်။ လွဲချိန်ညီညီလှုပ်ရမ်းနေသော နာရီချိန်သီးတစ်ခုကို ငေးမောရင်း လက်ဖက်ရည်သောက်ချင်သူဖြစ်၏။ ဘတ်စ်ကားစီးဖို့ထက် ခြေကျင် လမ်းလျှောက်ဖို့ စိတ်ဝင်စားသူ ဖြစ်၏။ သို့သော် လမ်းလျှောက်ဖို့ထက် အခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေဖို့ ပို၍ ဆန္ဒရှိသည်။ (အမှန်စင်စစ် လမ်းလျှောက်သည့်အခါ ကျွန်မနောက်က အရိပ်တစ်ခု ဖြစ်ပေါ်မနေအောင် မည်သို့ကာကွယ်ရမည်နည်းဟု စဉ်းစားရင်း အခန်းထဲမှာ ထိုင်နေသည့် အကျင့်ကိုရခဲ့သည်။) ကျွန်မ အရိပ်များကို မုန်းတတ်၏။ ကျွန်မ မုန်းသော အရိပ်များသည် ကျွန်မနောက်မှ ရှည်လျားလျားပုံစံ၊ ပုဝိုင်းဝိုင်းပုံစံ၊ စွေစောင်းစောင်းပုံစံဖြင့် လိုက်ပါ လာတတ်သောကြောင့် ဖြစ်ပါသည်။ ကျွန်မသည် ဒူးယားစီးကရက်၏ မီးစွဲလောင်နေသောရနံ့ကို သဘောကျသည်။ မဆုံးဖြတ်ရဲသောကြောင့် ဆုံးရှုံးရခြင်းထက် အဆုံးအဖြတ်မှား၍ ဆုံးရှုံးရခြင်းကို လိုလားသည်ဆိုသော ဇာတ်လိုက် များကို သဘောကျသည်။ တစ်ခုခုကို လိမ်ညာဖို့ စိတ်မ၀င်စား သော်လည်း လျှို့ဝှက်ဖို့ စိတ်ဝင်စားတတ်သည်။ ရင်းနှီးမှုဒဏ်ကို မခံနိုင်သော ယောက်ျားသားများအတွက် ၀မ်းနည်းစကားဆိုဖို့ ၀န်လေးတတ်သူဖြစ်သည်။ ရံဖန်ရံခါတွင် လျစ်လျူရှုတတ်သူ၊ သည်းခံစိတ်ရှည်နိုင်စွမ်းသူ၊ သို့သော် ရံဖန်ရံခါတွင် လက်စား ချေတတ်သူဖြစ်သည်။ ကျွန်မကို နားလည်သည်ဟု ပြောသူသည် အကြီးအကျယ် လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ ကျွန်မသည် တစ်စုံတစ်ယောက်အတွက် ပြဌာန်းစာအုပ် မဟုတ်။ ကျွန်မကို ဖတ်ရှုရန် ဘယ်သူ့မှာမှ အဘိဓါန်မရှိ။ ကျွန်မ၏ အကြီးမားဆုံးသော ချွတ်ယွင်းချက်တစ်ခုမှာ ပျော်ရွှင်နှစ်သိမ့်ဖွယ်ရာ ကာလများထက် နာကြည်းဖွယ်ရာ ကာလများကို ပိုမိုမှတ်မိတတ်ခြင်းဖြစ်သည်။ ရုပ်ရှင်ထဲက လေဆာရောင်ခြည်သေနတ်ကို မကြာခဏ သတိရနေတတ်သည်။ လက်ဖက်ရည်စားပွဲတစ်ခုတွင် လူတစ်ယောက်မျက်နှာကို ဂငယ်ပုံစံ ကွဲသွားအောင် လက်ဖက်ရည် ပန်းကန်ပြားဖြင့် ပေါက်ရိုက်ပစ်ခဲ့သော ပန်းချီဆရာတစ်ဦးကို ကျွန်မ ချီးကျူးပါ၏။ လူဆိုသည်မှာ ကိုယ့် လွတ်လပ်ခွင့်ကို ထိပါး၍ စော်ကားလာလျှင်တော့ လက်တုန့်ပြန်ဖို့ လိုအပ်သည်မဟုတ်ာလား။ ခက်နေသည်မှာ ကျွန်မက သွေးမြင်လျှင် မူးတတ်ခြင်းပင်ဖြစ်သည်။(------- ရေမျောသီး--------) ((ဂျူး))
ဒီစာသားလေးကို ဖတ်ပြီးထဲကနှစ်သက်မိခဲ့တယ်....ဒါကြောင့် ဒီနေရာမှ ပြန်လည်ကူးယူပြီး ဖော်ပြလိုက်ပါတယ်ရှင်။