Tuesday, February 1, 2011

အတွေး-(၁)

အခုတလောစိတ်ထဲမှာအတွေးတစ်ခုဝင်လာမိတယ်...

ဘာလဲဆိုတော့..လူတွေကိုယ့်စိတ်ကြောင့်ကိုယ်ဒုတ်ခရောက်တာပေါ့ (ကိုယ့်ဒုတ်ခကိုကိုယ်ရှာတယ်)ပဲပြောရမယ်...

အဓိကကတော့မိမိအတွေးဟာမိမိအတွက်ဘယ်လိုအထောက်အကူပြုတယ်ဆိုတာမစဉ်းစားမိလို့နေပါလိမ့်မယ်

ဒါဆိုရင်အကောင်းနဲ့အဆိုးမှာအကောင်းကြီးပဲတွေးနေရမှာလား...
အဆိုးတွေဆိုတာအတွက်ရေကြိုတွေးဖို့မလိုအပ်ဘူးလားဆိုရင်တော့.. ဘယ်ဟုတ်မလဲနော်...
အကောင်းရောအဆိုးရောနှစ်မျိုးလုံးကိုတွေးပြီးရင်ဆိုင်ရမယ်လို့ထင်ပါတယ်။

ပြသာနာတစ်ခုရှိလာပြီဆိုရင်..ဖြစ်လာပြီဆိုတာနဲ့ကြောက်လန့်မယ်၊ခြေမကိုင်မိလက်မကိုင်မိဖြစ်မယ်၊
စိုးရိမ်ပူပန်မှုတွေနဲ့ပဲအတွေးတွေဝင်လာပြီဆိုရင်ဘယ်လိုလာပြီးပြသာနာကိုဖြေရှင်းဖို့(အခွင့်အရေး) နည်းလမ်းရှာတွေ့နိုင်ပါ့မလဲ..

ငါတော့ဒုတ်ခရောက်ပြီဆိုတာထက်ဒီဒုတ်ခထဲကလွတ်မြောက်ဖို့အတွက်အတွေးတစ်ခုပေါ်လာဖို့ဆိုတာ လွယ်မယောင်နဲ့ခက်ပါမယ်...

ကိုယ့်ဘက်ကမှန်တယ၊်မှားတယ်ဆိုတာ နောက်မှပါ...အရင်ဖြစ်နေတာက ရင်ဆိုင်နေရတဲ့ပြသနာလေ...

ကဲ..ရင်ဆိုင်ဖြေရှင်းကြပြီပေါ့...လာထား..နင်လားဟဲ့ပြသာနာ...စိတ်ကိုအေးအေးထားပြီး ပြသာနာကိုရင်ဆိုင်ပါ..တတ်နိုင်သမျှအကောင်းဘက်ကိုများများတွေးပါ...

နောက်ဆုံးဖြေရှင်းမရတဲ့အဆုံးအဆိုးတွေကျရောက်ပြီဆိုရင်တောင်လက်ခံနိုင်ဖို့အားမွေးပါ..

ရှောင်လွှဲလို့မရတဲ့အခါစိတ်ထဲမှာလက်ခံတတ်ဖို့ကြိုးစားလိုက်ရင်အနည်းဆုံးတော့စိတ်သက်သာရာရသွားမယ်ဆိုတာယုံကြည်ပါတယ်..

စိတ်တစ်ခုဟာ အကောင်းဆုံးချိန်ရော အဆိုးဆုံးအချိန်ရောကို ဖြတ်သန်းဖို့အတွက် အားအင်တွေရှိနေပါတယ်..

Monday, January 31, 2011

ဘလော့လေးကိုပစ်ထားတာကြာပြီ....
ဖုန်တောင်တက်နေပြီ။
မလွယ်ပါလား တော်တော်ရှင်းယူရတယ်..(ဘာမှလဲမရှိဘူးလေ အစထဲက)
အဟမ်းးးအဟမ်းးး
ဟယ်လို



အိုခေ..ရပြီ
ပြန်စပြီနော်လို့.......

Friday, July 10, 2009

ကိုယ်နှုတ်မူရာကြောင့်ဝဋ်လည်ခြင်းများ.

လူတွေပြောတတ်တဲ့ ၀ဋ်လည်မယ်ဆိုတာ ဘာလဲ ???

တကယ်တော့ ၀ဋ်လည်တယ်ဆိုတာ ကိုယ်က တခြားသူအပေါ်မှာ အကောင်း အဆိုး ပြောခဲ့တဲ့ နှုတ်အမူအရာ ကိုယ်ဟန်အမူအရာတွေဟာ
တချိန်မှာ ကိုယ့်ဆီကို ပြန်ရောက်တာပဲ။
ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးပြန်စံစားရသလို.. ဆိုးတာလုပ်ရင် ဆိုးတဲ့အကြောင်းပြန်ခံစား ရတာကို တန်ပြန်တဲ့ နိယာမတွေပဲဖြစ်တယ်။

ဝဋ်လည်ခြင်းက အခုချိန်မှ ပေါ်ပေါက်ပြီး ဖြစ်ပေါ်နေတဲ့စကားတွေမဟုတ်ပါဘူး။
ဘုရားရှင်လက်ထက်ကတည်းက ဖြစ်ပျက်နေတဲ့သဘောတရားတွေပါ။

ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း.အမူအရာတစ်ခုဟာ တပါးသူအတွက် နစ်နာသွားမယ်ဆိုရင်တော့
ကိုယ့်အတွက်လည်းကောင်းတဲ့တုံ့ပြန်မှု မလာနိုင်တာ အသေချာပါပဲ။


ဝဋ်လည်ခြင်းနှင့်ပက်သက်ပြီး ဘု၇ားရှင် ကိုယ်တော်မူ၌ပင် သာဓက များစွာရှိခဲ့ပါတယ်။

ထို့ကြောင့်လည်းပဲ ၀ိပါက်တော် (၁၂)ပါးဆိုပြီး ကျမ်းဂန်များမှာ အဆိုရှိခဲ့ပါတယ်။

မြတ်ဗုဒ္ဓဘုရားရှင်ဟာ ဥရုဝေလတော၌ ခြောက်နှစ်ပတ်လုံး ဒုက္ခရစရိယ ကျင့်ရခြင်းသည်လည်း ဟိုးရှေးဘ၀များ၌ နှုတ်တစ်ခွန်းကြောင့်
တန်ပြန်တဲ့ သဘောတရားတစ်ခုပါပဲ။

ဘုရားရှင်သည် ဇောတိပါလ အမည်ရှိတဲ့ ပုဏ္ဏား ဖြစ်ခဲ့စဉ်က ကသပဘုရားရှင်သည် ၆ ရက်နှင့် သဗ္ဗေညုတဥာဏ် ရရှိတော်မူသည်ကို
ငါသာဆိုရင် ၆နှစ်ကျင့်ပြမယ်ဆိုတဲ့ စကားတစ်ခွန်းက ၀ဋ်လည်ခြင်းကိုဖြစ်စေတာပါပဲ။

ထို့နည်းအတူ တခြားတခြားသော နှုတ်ကံအမူအရာ ကာယကံ အမူအရာတွေဟာ ဘုရားရှင်တောင်မှ ဖြစ်ခဲ့ရတယ်ဆိုတာကို သိခဲ့မယ်ဆိုရင်
မိမိတို့လို ပုထုဇဉ် လူသားတွေအတွက် ၀ဋ်လည်တယ်ဆိုတဲ့စကားဟာ ဘယ်အတိုင်းအတာထိများရှိနေမလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။

(၀စီဗေဒ ထိတိုင်းရှ) ဆိုတဲ့စကားဟာ ရှေးလူကြီးတွေစကားတစ်ခွန်းပါ။

ကိုယ်ကတော့ဘာရယ်မဟုတ်ပျော်စေချင်လို့နောက်လိုက်တဲ့စကား၊ စလိုက်တဲ့ စကားတစ်ခွန်းဟာ
အပြောခံရတဲ့သူ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ.ကိုယ့်အပေါ်မှာ ပြန်ဝဋ်လည်တာပါပဲ

အခုချိန်မှာ ၀ဋ်မလည်ခဲ့ရင်တောင်မှ နောင်တစ်ချိန်မှာ ၀ဋ်လည်ခံရတာပဲ..

ဥပမာ တစ်ခု ပြောရမယ်ဆိုရင်

လူတစ်ယောက်က တခြားလူတစ်ယောက် နှုတ်ခမ်ကွဲနေတာကိုမြင်ရင်တောင်မှ
(ဟာ...ဒီလူရုပ်ဆိုးလိုက်တာကွာ.. နှုတ်ခမ်းကလည်းကွဲနေတယ် စကားကလည်းမပီဘူး ) ပြောလိုက်တယ်ဆိုကတည်းက
ဒီလူမှာ ပြန်မဖြစ်ရင်တောင်မှ သူမွေးခဲ့သားသမီး ၊ သူနဲ့အနီးစပ်ဆုံးလူ တစ်ဦးဦးမှာ ပြန်ဖြစ်နိုင်မယ်ဆိုတာ မလွဲမသေပါပဲ။

ဝစီကံ တစ်ခုတောင် အဲလောက်ကြောက်ဖို့ကောင်းနေမယ်ဆိုရင်..
တချို့တချို့သော သူများဟာ တခြားသူတွေရဲ့ ပစ္စည်းများခိုးယူလုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သမီးပျိုများအား မတရားဖျက်စီးခြင်းစတဲ့.....
အကြောင်းအရင်းအမျိုးမျိုးတွေဟာ ကိုယ့်အပေါ် ဘယ်အတိုင်းအတာထိ ၀ဋ်လည်နိုင်မလဲဆိုတာ တွေးရုံနဲ့တင် မြင်နိုင်ပါတယ်။

မနောကံဆိုတဲ့ စိတ်ရဲ့ပြစ်မှားမှုကြောင့်လည်း ၀ဋ်လည်ခြင်းတွေအမြောက်အမြားရှိခဲ့ပါတယ်။
ရှေးယခင်က လူတစ်ယောက်ဟာ ရဟန်းနာ တပါးကို စိတ်နဲ့ပြစ်မှားမိခဲ့လို့ နောင်ဘ၀မှာ အခြောက်ဖြစ်ခဲ့ရတယ်ဆိုတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။


လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့အရာမှန်သမျှကို ပြောဖို့ဝန်မလေးတတ်သူတွေပါပဲ။
ကိုယ်ပြောတဲ့စကားကိုသာ အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ပြောဖို့လိုပါတယ်။
အဲလိုပြောတတ်နိုင်ဖို့လည်း မိမိရဲ့စိတ်ကို ကောင်းတဲ့စိတ်ထားတတ်ရမှာပါ။

အပေါ်ယံဟန်ဆောင်ခြင်းတွေနဲ့ အပေါ်ယံ စကားမျိုး၊ အပေါ်ယံ အမူယာမျိုး ပြုမူမယ်ဆိုရင်.
ကိုယ့်အပေါ်မှာလည်းပဲ အပေါ်ယံပဲပြန်လာမှာပဲ။
ကိုယ့်စိတ်က တပါးသူအပေါ်မှာ လေးလေးနက်နက် တန်ဖိုးထားတတ်မှသာ ကိုယ့်အပေါ်မှန်ကန်တဲ့မေတ္တာ
မှန်ကန်တဲ့ စေတနာက တန်ပြန်လာမှာပါ။

မေတ္တာမှန်ရင် ရောင်ပြန်ဟပ်တယ် ဆိုတဲ့စကားက တကယ့်ကိုလေးနက်ပါတယ်။
ဘယ်သူ့အပေါ်မဆို မှန်မှန်ကန်ကန်နဲ့ ကောင်းတာပြော ကောင်းတာဆို ကောင်းတာလုပ်ပေးနိုင်မယ်ဆိုရင်
ကိုယ့်အတွက်တော့ ကောင်းခြင်းတွေပဲ ပြန်လည်လာမှာပါ။
မကောင်းတာပြောဆိုနေသရွှေ့ မကောင်းတဲ့ အမူအရာတွေပဲ ပြန်လည်လာမှာပါ။
ဒါတွေအားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ၀ဋ်လည်ခြင်းတွေပါပဲ။


ထို့ကြောင့် မိမိအတွက် မေတ္တာအတု အယောင် မပါပဲ ကောင်းတဲ့ တုံပြန်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
မိမိစိတ်ကို မိမိ အရင်ဆုံးပြုပြင်နိုင်မှသာလျှင်ဝဋ်လည်ခြင်းတွင်လည်း ကောင်းသော ၀ဋ်လည်ခြင်းများနှင့်သာ ကြုံတွေ့ရမှာ မလွဲမသေပါပင်။


(ရှင်တာရာ)

Thursday, July 9, 2009

လူ့စရိုက်ခြေရာခံ အတွေးများ

လူတစ်ယောက်မှာ စိတ်ကအဓိက ရယ်ပေါ့...ပြောချင်တာကတော့ စိတ်ထားတတ်ဖို့လိုတယ်လေ...(စိတ်ထားကောင်းရင် ကံကောင်းမယ်) လို့လဲ ပြောကြတာကိုး...

ခုတလောမှာ emotion အကြောင်း နဲ့ပတ်သတ်ပြီး တွေးနေမိတယ်...ဒါတွေဟာလဲ အရေးကြီးတယ်နော်...ကိုယ့်စိတ်ထဲမှာဖြစ်လာတာတွေဟာ ကိုယ်လုပ်ဆောင်တာတွေနဲ့ သရုပ်ပြနေပါတယ်။ဒါကြောင့်လဲ လူတွေကိုအကဲခတ်ကြတဲ့အခါမှာ ဟန်ပန်အမူအရာ၊ အပြောအဆို၊ အလုပ်အကိုင်တွေနဲ့ သုံးသပ်ကြပါတယ်။

ဒါတွေဟာ အပေါ်ယံအနေနဲ့ ဆောင်ပေမဲ့ ..

အတွေးအခေါ်တွေကနေ ကိုယ်ပြောတဲ့စကား၊ ကိုယ့်ရဲ့လုပ်ရပ်၊အလေ့အကျင့်တွေ၊စရိုက်တွေထိ ဖြစ်လာတတ်တော့ သေချာဂရုစိုက်မယ်ဆိုရင် မမှားဘူးပေါ့ရှင်။


ဒီတော့ ကိုယ်သိသလောက် ၊ တတ်သလောက်နဲ့ မှတ်ထားသလောက် ကို တွေးကြည့်မိပါတယ်...




( eye contact ) လူတစ်ယောက်နဲ့ စကားပြောရင် မျက်လုံးချင်းဆိုင်ပြီး (အကြည့်ချင်းဆုံတာပေါ့နော် ခွိ) ပြောရမယ်လို့ မှတ်သားဖူးပါတယ်..မျက်လုံးထဲမှာ အဖြေရှာကြည့်ကြတာပေါ့...သူပြောတာ အမှန်တွေလား...ဖောနေတာလားပေါ့

သူညာနေပြီဆိုရင်တော့ သူ့အကြည့်တွေ မရိုးသားတော့ပါဘူး..မျက်လုံးချင်းမဆိုင်ရဲဘူးလေ...

ဒါမှမဟုတ် မျက်လုံးချင်းဆုံပြီး စကားမပြောရဲဘူး (ရှက်တယ်ကွယ်) ဆိုရင် မျက်လုံးနှစ်ခုကြားက နေရာလေး နှာတံအပေါ်နားလေး ကို ကြည့်ပြီးပြောလဲ ဖြစ်တာပါပဲ...

ဒီလိုနည်းဟာ တစ်ဖက်လူကို လေးစားကြောင်းပြတာပါပဲ။

ဒီလိုမှမဟုတ်ဘဲ ကိုယ်ကတောင်ကြည့် မြောက်ကြည့်...ဘယ်နေရာကိုကြည့်ရမှန်းမသိဘဲဖြစ်နေရင် မယဉ်ကျေးရာလဲ ရောက်အုံးမယ်နော် :)




( အပြုံး ) မျက်နှာချင်းဆိုင်မိတဲ့အခါမှာ တစ်ဖက်လူက ပြုံပြုံးရွှင်ရွှင်လေးဆို ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ။ အပြုံးဆိုတာ အလကားပေးလို့ရပါတယ်...ကိုယ်ကပြုံးရုံပဲ ပြုံးပြလိုက်ပေမဲ့ တစ်ဖက်လူမှာ စိတ်ချမ်းသာမှုတွေ ဖြစ်သွားမယ်လေ။

ဥပမာ- ဆိုင်တစ်ဆိုင်သွားလို့ ရောင်းတဲ့သူက ပြုံးပြီး ကြည်ကြည်ဖြူဖြူ ရောင်းတဲ့သူ နဲ့ စူပုတ်ပြီး ၀ယ်နိုင်ပါ့မလားလို့ ဖြစ်နေတဲ့သူ ..သူတို့ဆီက ကိုယ်ဘယ်ဆိုင်က ၀ယ်ချင်မလဲနော်....ပြုံးနေတဲ့သူစီကပဲ အားပေးချင်မှာပေါ့...

ပြုံးနေတဲ့ မျက်နှာလေးဟာ ချစ်စဖွယ်ကိုဖြစ်နေမှာပါ။

အဲ ရိုးသားစွာ ပြုံးဖို့လဲ လိုသေးတာပေါ့လေ ( " သူပြုံးနေပြီ သတိထား " လိုမျိုးဆိုရင် ရှောင်တာပေါ့နော် )



(နှုတ်ချိုတာ) အင်း ဒါလဲ ပညာပါပဲလေ...ချိုချိုသာသာပြောတော့ နားဝင်ချိုသည်ပေါ့။ ဘုနဲ့ ဘောက်နဲ့ ပြောတော့ ဘယ်သူမှ နားမထောင်ချင်ကြဘူးလေနော်...စကားကိုချိုအောင် ပြောတာနဲ့ ချွဲနွဲ့ပြီးပြောတာနဲ့ မတူပါဘူး...

အပြောဆိုလေးလဲ လိမ်မာယဉ်ကျေးမှပါလား။



(ကိုယ်နေဟန်ပန်) စိတ်လှုပ်ရှားရင် အမူယာတွေလဲ မငြိမ်တော့ပါဘူး..လက်ဆိုရင် လက်နှစ်ဖက်ကို ဆော့နေတာတို့၊ တစ်ခုခုကို လက်နဲ့လိမ်နေတာတို့မျိုး..

မိန်းခလေးတွေမှာဆိုရင် ဆံပင်လေးကို လက်နဲ့သပ်နေတတ်တာမျိုး လက်နဲ့ဆံပင်လေးတွေကို လိမ်ပြီးဆော့နေတတ်တာမျိုးလေးတွေ ( ပဲများတာလား ၊ရှက်တာလား ? )

ယောကျာ်းလေးဆိုရင် ဘောင်းဘီအိတ်ထဲ လက်ထဲ့ပြီးစကားပြောတတ်တာမျိုးလေ...

လူရှေ့ထွက်ပြီး စကားရပ်ပြောရတာမျိုးဆိုရင် ဒါမျိုးတွေကလိုအပ်လာပြီနော်...ဒီလက်နှစ်ဖက်ကို စားပွဲပေါ်ထောက်ထားရမှာလား၊ လက်နှစ်ဖက် ပူးကပ်ပြီး ယှက်ထားရမှာလား ၊ တစ်နည်းအားဖြင့် တခုခုပြောထွက်ဖို့ အရှိန်ယူရတဲ့အခါမျိုးတွေမှာပါ။

ခြေချင်းချိတ်ပြီး ထိုင်တာလည်း ရှိပါသေးတယ်။ညာခြေဟာ ဘယ်ခြေပေါ်ထပ်ပြီး ချိတ်ထိုင်တာဆိုရင် အကြောင်းအရာတစ်ခုအပေါ် အမှန်အကန်စိတ်ဝင်စားနေတာပါတဲ့၊ ဆန့်ကျင်ဘက်အနေနဲ့ ဘယ်ခြေက ညာခြေပေါ်ထပ်ပြီးချိတ်ပြီးထိုင်ရင်တော့ စိတ်ဝင်စားမှုမရှိတော့ပါဘူး ပျင်းတယ် ဘာတွေလဲကွာပေါ့။ ( ဘယ်သန်တဲ့သူတွေအတွက်တော့ ချွင်းချက်ပေါ့ရှင်)...

ဘယ်သန်ဆိုလို့ ဘယ်ဘက် ဦးဏှောက်ကို အသုံးပြုတဲ့သူ နဲ့ ညာဘက်ဦးဏှောက်ကို အသုံးပြုတဲ့သူ ကွဲပြားချက်လေး သတိရသွားတယ်..စကားပြောရင် ရယ်ရယ်မောမောပြောတာ ၊ လှုပ်လှုပ်ရှားရှား သွက်သွက်လက်လက်ရှိတာ ညာဘက်ဦးဏှောက်ကိုအသုံးပြုပြီး ၊အဲဒါတွေနဲ့ဆန့်ကျင်ဘက် တခုခုဆို တွေးပြီးမှပြောတာတို့ ငြိမ်ငြိမ်လေးနေတတ်တာတို့က ဘယ်ဘက်ဦးဏှောက်ခြမ်းကို အသုံးပြုတယ်လို့ မှတ်သားဖူးပါတယ်..(ဟုတ်ကြပါသလားဗျို့)

ခန္ဒာကိုယ်အနေထားဟာလဲ စကားပြောပါတယ်။ ကိုယ်နဲ့ မှ ပြောချင်စိတ်ရှိရဲ့လားတော့ သိဖို့လိုတာပေါ့နော်...ကိုယ်နဲ့စကားပြောနေရင်း သူ့ကိုယ်အနေထားက တခြားဘက်လှည့်နေတာတို့၊ စကားပြောတဲ့အခါမှာ ကိုယ့်ဆီမှာ အာရုံ်မရတာတွေလေ...အရှိန်ပျက်တာပေါ့ ပြောရတာ။

တကယ်တော့ လူတွေနဲ့ဆက်ဆံရာမှာ ကိုယ့်ရြဲ့ပုမူပြောဆိုပုံ တွေ အရေးပါလှပါတယ်။ သတိတော့ထားမိပေမဲ့ လက်တွေ့မလုပ်နိုင်သေးတာတွေလဲရှိနေတတ်ပါတယ်။ ကိုယ်ရဲ့ အပြုအမူ အပြောအဆိုတွေက တဖက်သားကို စိတ်ချမ်းသာမှုပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ရှင်။ ဘာဘဲဖြစ်ဖြစ် ကျွန်မအတွေးထဲမှာ နေရာယူနေတဲ့ အတွေးလေးတွေကို စကားလုံးအဖြစ် ပြောင်းချလိုက်တာပါ။ ။( ရှင်လမင်း )

ပုံလေးတွေကို google မှ ရှာယူပါတယ်။

Wednesday, May 27, 2009

ရေမျောသီး

ကျွန်မ အကြောင်းကို သူတစ်ပါးအားပြန်လည်ပြောပြလိုသူတစ်ယောက်သည် ‘‘အရပ်အလွန်နိမ့်သော’’
‘‘စကား အလွန်ရှားပါးသော’’ ‘‘အားမနာတတ်သော’’ ဟူသည့် နာမ ၀ိသေသနများကို အသုံးပြုလိမ့်မည် ထင်သည်။ထိုစကားများထက် ပြည့်စုံဖို့လိုအပ်သေး၏။ ဂစ်တာတွင် အောက်ဆုံးကသေးမျှင်သော၊ တင်းမာသော၊ စူးရှသော ‘‘တစ်’’ကြိုးသည် ကျွန်မ ဖြစ်၏။ ဖဲကြိုးတပ်ဆံပင်နှင့် ဘယ်တော့မှ ဦးမညွတ်သော ကော်ပတ်ရုပ် ကလေးသည် ကျွန်မ ဖြစ်၏။ ဖုံးကွယ်ထားသော အရာတစ်ခုကို အလွန်အမင်းဖွင့်ကြည့်လိုသော လူအမျိုးအစား ထဲတွင် ကျွန်မ မပါဝင်ပါ။ ခိုများကို အစာကျွေးဖို့နှစ်သက်သည်။ သို့သော် ခိုညည်းသံကို အလွန်မုန်း၏။ တစ်ချိန်တုန်းက နှင့်းဆီပန်းများကို ချစ်တတ်ခဲ့သော်လည်း ယခုအချိန်တွင် ပေါများလွန်းသော နှင်းဆီင်္ပန်းတို့ကို မုန်းနေပြီဖြစ်၏။ ကျွန်မသည် ရှားပါးသောအရာကိုသာ ချစ်တတ်သူဖြစ်ပါသည်။ လွဲချိန်ညီညီလှုပ်ရမ်းနေသော နာရီချိန်သီးတစ်ခုကို ငေးမောရင်း လက်ဖက်ရည်သောက်ချင်သူဖြစ်၏။ ဘတ်စ်ကားစီးဖို့ထက် ခြေကျင် လမ်းလျှောက်ဖို့ စိတ်ဝင်စားသူ ဖြစ်၏။ သို့သော် လမ်းလျှောက်ဖို့ထက် အခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေဖို့ ပို၍ ဆန္ဒရှိသည်။ (အမှန်စင်စစ် လမ်းလျှောက်သည့်အခါ ကျွန်မနောက်က အရိပ်တစ်ခု ဖြစ်ပေါ်မနေအောင် မည်သို့ကာကွယ်ရမည်နည်းဟု စဉ်းစားရင်း အခန်းထဲမှာ ထိုင်နေသည့် အကျင့်ကိုရခဲ့သည်။) ကျွန်မ အရိပ်များကို မုန်းတတ်၏။ ကျွန်မ မုန်းသော အရိပ်များသည် ကျွန်မနောက်မှ ရှည်လျားလျားပုံစံ၊ ပုဝိုင်းဝိုင်းပုံစံ၊ စွေစောင်းစောင်းပုံစံဖြင့် လိုက်ပါ လာတတ်သောကြောင့် ဖြစ်ပါသည်။ ကျွန်မသည် ဒူးယားစီးကရက်၏ မီးစွဲလောင်နေသောရနံ့ကို သဘောကျသည်။ မဆုံးဖြတ်ရဲသောကြောင့် ဆုံးရှုံးရခြင်းထက် အဆုံးအဖြတ်မှား၍ ဆုံးရှုံးရခြင်းကို လိုလားသည်ဆိုသော ဇာတ်လိုက် များကို သဘောကျသည်။ တစ်ခုခုကို လိမ်ညာဖို့ စိတ်မ၀င်စား သော်လည်း လျှို့ဝှက်ဖို့ စိတ်ဝင်စားတတ်သည်။ ရင်းနှီးမှုဒဏ်ကို မခံနိုင်သော ယောက်ျားသားများအတွက် ၀မ်းနည်းစကားဆိုဖို့ ၀န်လေးတတ်သူဖြစ်သည်။ ရံဖန်ရံခါတွင် လျစ်လျူရှုတတ်သူ၊ သည်းခံစိတ်ရှည်နိုင်စွမ်းသူ၊ သို့သော် ရံဖန်ရံခါတွင် လက်စား ချေတတ်သူဖြစ်သည်။ ကျွန်မကို နားလည်သည်ဟု ပြောသူသည် အကြီးအကျယ် လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ ကျွန်မသည် တစ်စုံတစ်ယောက်အတွက် ပြဌာန်းစာအုပ် မဟုတ်။ ကျွန်မကို ဖတ်ရှုရန် ဘယ်သူ့မှာမှ အဘိဓါန်မရှိ။ ကျွန်မ၏ အကြီးမားဆုံးသော ချွတ်ယွင်းချက်တစ်ခုမှာ ပျော်ရွှင်နှစ်သိမ့်ဖွယ်ရာ ကာလများထက် နာကြည်းဖွယ်ရာ ကာလများကို ပိုမိုမှတ်မိတတ်ခြင်းဖြစ်သည်။ ရုပ်ရှင်ထဲက လေဆာရောင်ခြည်သေနတ်ကို မကြာခဏ သတိရနေတတ်သည်။ လက်ဖက်ရည်စားပွဲတစ်ခုတွင် လူတစ်ယောက်မျက်နှာကို ဂငယ်ပုံစံ ကွဲသွားအောင် လက်ဖက်ရည် ပန်းကန်ပြားဖြင့် ပေါက်ရိုက်ပစ်ခဲ့သော ပန်းချီဆရာတစ်ဦးကို ကျွန်မ ချီးကျူးပါ၏။ လူဆိုသည်မှာ ကိုယ့် လွတ်လပ်ခွင့်ကို ထိပါး၍ စော်ကားလာလျှင်တော့ လက်တုန့်ပြန်ဖို့ လိုအပ်သည်မဟုတ်ာလား။ ခက်နေသည်မှာ ကျွန်မက သွေးမြင်လျှင် မူးတတ်ခြင်းပင်ဖြစ်သည်။(------- ရေမျောသီး--------) ((ဂျူး))


ဒီစာသားလေးကို ဖတ်ပြီးထဲကနှစ်သက်မိခဲ့တယ်....ဒါကြောင့် ဒီနေရာမှ ပြန်လည်ကူးယူပြီး ဖော်ပြလိုက်ပါတယ်ရှင်။

Tuesday, April 28, 2009

ဖြေပါ

အရှုံးတွေတစ်ပွေ့တစ်ပိုက်နဲ့
ညဟာ သိပ်မှောင်လွန်းတယ်

ခက်ခဲတယ် မလွယ်ကူဘူး
ဒါဟာ ရိုးရိုးလေးပါပဲ

သိပ်ချစ်ရင်
ဘာလို့အဆုံးရှုံးခံမှာလဲ
မင်းကိုယ့်ကိုမချစ်ခဲ့ဘူးလား ဖြေပါ။။
(ရှင်လမင်း)

Friday, March 20, 2009

သစ္စာတရား

နှောင်းအိုဆွေးမြေ့နေတဲ့ အချိန်တို့ရေ
ဝန်းကျင်မှာ ဗလာသိပ်ဆန်နေရဲ့

သစ္စာတရားဆိုတာ ဆိုင်းဘုတ်တစ်ခုလို
လူတွေမြင်အောင် ချိတ်ဆွဲပြလဲ
ရူးသွပ်ခြင်းလို ဟန်ဆောင်ပြီး
အဆိပ်ရည်ခွက်မှာ သူတို့တွေပျော်နေကြတယ်

ပေါ့ပေါ့ပါးပါးနဲ့ လေးနက်တာတွေ
ခဏတာ ဆုံလာချိန်မှာ
ကမ္ဘာမြေပြင်မှာ အမုန်းစစ်ပွဲတွေခင်းလို့
တစ်နေရာချောင်ကွယ်မှာ
အချစ်မီးလျှံဟာ မီးခိုးငွေ့ဖြစ်သွားတယ်

တစ်ချိန်ထဲမှာပဲ
ဒဏ်ရာတွေနဲ့ကျရှုံးသွားတဲ့ သူရဲကောင်းဟာ
သူ့နှလုံးသားမှာ မြှားမှန်တာတောင်
ချစ်သူပေးတဲ့ စိတ်နှလုံးသားဒဏ်ရာကို
လွမ်းဆွတ်တမ်းတနေတုန်းပဲ

ဓါး၊လှံတွေ အသုံးမလိုတဲ့
လူပညာရှိတို့ အမျက်ဖလှယ်ပွဲ
အညှိုးတရား မာန်ဟုန်တောက်နေချိန်မှာ
အဖြူရောင်ပန်းလေးတစ်ပွင့်ဟာ
သွေးရောင်နီနီ အရောင်ပြောင်းသွားတယ်

ရာသီစက်ဝန်းတပတ်လည်လာရင်
ယခုချိန်ဟာ အတိတ်ဖြစ်လာရင်
လူတွေရုန်းကန်နေရတဲ့ ရှင်သန်မှုတွေမှာ
အချစ်ဆိုတာ လုယူမှရမယ်ဆိုရင်
ဝဋ္ဋ်ကြွေးတွေ ပစ္စုပ္ပန်မှာအကြေဆပ်ပါရစေ

သစ္စာရှိကြစမ်းပါ
အချစ်ကို တန်ဖိုးထားကြစမ်းပါ
ကိုယ်ချင်းစာတတ်ပြီး နေတတ်ကြစမ်းပါ
သစ္စာတရားကို မြတ်နိုးကြစမ်းပါ။။
(ရှင်လမင်း)